Skip to content
တိမောသေဩဝါဒစာပဌမစောင် 1:10-20

တိမောသေဩဝါဒစာပဌမစောင် 1:10-20

10
မဟုတ်မမှန်ဘဲ ကျန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဘို့ ပညတ်တရားကို ထားသည်ဟု သိမှတ်၍၊ ထိုတရားကိုတရားသဖြင့်သုံးသောသူ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ၏။
11
ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားနှင့်ညီသတည်း။
12
ထိုတရားကို ငါ၌အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။
13
ငါသည်ကဲ့ရဲ့သောသူ၊ ညဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဘူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကိုငါခံရပြီ။
14
ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ။
15
ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူ သောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။
16
သို့သော်လည်း၊ ထာဝရအသက်အလိုငှါ ယုံကြည်လတံ့သော သူတို့လိုက်စရာပုံသက်သေ ဖြစ်စေ ခြင်းငှါ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည် အ ကြောင်း၊ ငါ့ကိုသနားတော်မူပြီ။
17
လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။ အာမင်။
18
ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေ ခြင်းငှါ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။
19
ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။
20
ထိုသူတို့တွင် ဟုမေနဲနှင့်အာလေဇန္ဒြုပါသတည်း။ ထိုသူတို့သည် ကဲ့ရဲ့သောစကားကို ကြဉ်ရှောင် ခြင်းငှါ သင်ရမည်အကြောင်း၊ စာတန်၏ လက်သို့ငါအပ်လိုက်ခဲ့ပြီ။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options