Skip to content
ဓမ္မရာဇဝင်ပဌမစောင် 9:1-14

ဓမ္မရာဇဝင်ပဌမစောင် 9:1-14

1
ဗင်္ယာမိန်အမျိုးသား အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှ ဆင်းသက်၍ ကိရှအမည်ရှိသော ဗင်္ယာမိန် အမျိုးသားတယောက် ရှိ၏။ သူသည်အလွန် ခွန်အားကြီးသောသူဖြစ်၏။
2
ထိုသူ၌ ရှောလုအမည်ရှိသော သားတယောက်ရှိ၏။ ထိုသားသည် အဆင်းလှ၍ ထူးဆန်းသော သူဖြစ်၏။ ဣသရေလအမျိုးသားတို့တွင် ထိုသူထက်သာ၍ အဆင်းလှသော သူတယောက်မျှ မရှိ။ သူသည် အခြားသောသူထက် ပခုံးအထက်မှာ အရပ်သာ၍ မြင့်၏။
3
ရှောလုအဘကိရှ၏ မြည်းတို့သည် ပျောက်သောကြောင့်၊ ကိရှက၊ သင်သည် ငယ်သားတယောက်ကို ခေါ်၍ မြည်းတို့ကို ရှာအံ့သောငှါ ထသွားလော့ဟု မိမိသား ရှောလုအားဆိုသည်အတိုင်း၊
4
သူတို့သည် ဧဖရိမ်တောင်အရပ်နှင့် ရှလိရှအရပ်တရှောက်လုံး၌ ရှာ၍ မတွေ့လျှင်၊ တဖန် ရှာလိမ် အရပ်မှသည် ဗင်္ယာမိန်အရပ်များ တရှောက်လုံး၌ မတွေ့။
5
ဇုဖအရပ်သို့ ရောက်သောအခါ၊ ရှောလုက၊ ပြန်ကြစို့။ သို့မဟုတ် အဘသည် မြည်းတို့ကြောင့် မစိုးရိမ်၊ ငါတို့ကြောင့် စိုးရိမ်လိမ့်မည်ဟု ငယ်သားကို ပြောဆိုလျှင်၊
6
ငယ်သားက၊ ဤမြို့၌ အသရေ ထင်ရှားသော ဘုရားသခင်၏ လူတယောက်ရှိ၏။ သူပြောသမျှသော စကားသည် ဧကန်အမှန် ပြည့်စုံတတ်၏။ သူ့ထံသို့ သွားကြစို့။ ငါတို့ သွားရသောလမ်းကို သူပြကောင်း ပြလိမ့်မည်ဟု ဆို၏။
7
ရှောလုကလည်း၊ သွားလျှင် အဘယ်အရာကို လှူရမည်နည်း။ ငါတို့၌ပါသော မုန့်ကုန်ပြီ။ ဘုရား သခင်၏ လူကို လှူစရာ အလှူတစုံတခုမျှ မရှိ။ ငါတို့၌ တစုံတခုရှိသေးသလောဟု ငယ်သားအား မေးသော်၊
8
ငယ်သားက၊ ကျွန်တော်လက်၌ ငွေတမတ်ရှိပါ၏။ ငါတို့ကို လမ်းပြသည်အတွက် ဘုရားသခင်၏ လူအား ပေးပါမည်ဟု ရှောလုအား ပြန်ပြော၏။
9
ရှေးကာလ၌ ဣသရေလအမျိုးသားတို့သည် ဘုရားသခင်ကို မေးမြန်းခြင်းငှါ သွားမည်ဟု အကြံရှိ လျှင်၊ မြင်သောသူထံသို့ သွားကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက်ဟူ၍ ခေါ်ဝေါ်သောသူကို ရှေး ကာလ၌ မြင်သောသူဟူ၍ ခေါ်ဝေါ်ကြသတည်း။
10
ရှောလုကလည်း၊ ကောင်းပြီသွားကြစို့ဟု ငယ်သားအား ဆိုလျက်၊ ဘုရားသခင်၏ လူရှိရာမြို့သို့ သွားကြ၏။
11
မြို့ပြင်ကုန်းပေါ်သို့ ရောက်သောအခါ၊ ရေခပ်လာသော မိန်းမပျိုတို့ကို တွေ့၍၊ ဤအရပ်၌ မြင်သောသူ ရှိသလောဟု မေးသော်၊-
12
ရှိပါ၏။ သင်တို့ရှေ့မှာ ရှိပါ၏။ အလျင်အမြန်သွားတော့။ မြင်သောသူသည် ဤမြို့သို့ ယနေ့လာပြီ။ လူများ တို့သည် မြင့်သောအရပ်၌ ယနေ့ယဇ်ပွဲကို ဆောင်ကြ၏။
13
ဆရာသည် မြင့်သောအရပ်၌ ယဇ်သားကို စားအံ့သောငှါ မတက်မှီ သင်တို့သည် မြို့ထဲသို့ဝင်လျှင် ချက်ခြင်း တွေ့လိမ့်မည်။ သူမရောက်မီ လူများတို့သည် မစားတတ်ကြ။ သူသည် ယဇ်ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဘိတ်သော သူတို့သည် စားတတ်ကြ၏။ ယခုမှာ သွားလျှင် တွေ့ကြလိမ့် မည်ဟု ပြန်ပြောသည်နှင့်အညီ၊
14
သူတို့သည် မြို့ထဲသို့ဝင်၍ ရှမွေလသည် မြင့်သောအရပ်သို့ တက်သွားလျက် သူတို့ကို ဆီး၍ ကြိုလေ၏။
Settings

Reading Style

Typeface

Font Size 19px

Options