ကမ္ဘာဦးကျမ်း 50:1-9
1
ထိုအခါ ယောသပ်သည် အဘ၏မျက်နှာပေါ်မှာ ငုံ့၍၊ ငိုလျက် နမ်းလျက်နေ၏။
2
အဘ၏အလောင်းကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ၊ မိမိကျွန် ဆေးသမားတို့ကို အမိန့်ရှိ၍၊ သူတို့သည် နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
3
နံ့သာမျိုးနှင့်ပြင်ဆင်သော အလောင်းကို၊ ထုံးစံရှိသည်အတိုင်း ထား၍၊ အရက်လေးဆယ်လွန်လျှင်၊ အဲဂုတ္တုလူတို့သည် ယာကုပ်ကြောင့်၊ အရက်ခုနစ်ဆယ် ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။
4
ငိုကြွေးမြည်တမ်းသောနေ့ရက် လွန်သောအခါ၊ ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ်၍၊ သင် တို့သည် ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင်၊ ဖာရောဘုရင် ထံတော်သို့သွား၍၊
5
ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဘို့ငါတူးဘူးသော သင်္ချိုင်းတွင်း၌၊ ငါ့ကို သင်္ဂြိုဟ် ရမည်ဟူ၍ ကျွန်တော်ကို ကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကို သင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည် အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော် လျှောက်ကြပါလော့ဟုဆို၏။
6
ဖာရောမင်းကလည်း၊ သင်၏အဘ ကျိန်ဆိုစေသည်အတိုင်း သွား၍၊ သင်္ဂြိုဟ်လော့ဟု မိန့်တော်မူ၏။
7
ယောသပ်သည် အဘကိုသင်္ဂြိုဟ်ခြင်းငှါ ထွက်သွား၍၊ ဖာရောမင်း၏ ကျွန်များတည်းဟူသော နန်းတော် အရာရှိ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့်၊
8
ယောသပ်အိမ်သား၊ အစ်ကိုတို့ အိမ်သား၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ၏။ သူငယ်တို့နှင့် သိုးနွားများကိုသာ၊ ဂေါရှင်ပြည်၌ ကျန်ရစ်စေကြ၏။
9
ထိုသို့လျှင် ရထားများ၊ မြင်းစီးသူရဲများတည်းဟူသော အလွန်များစွာသော အလုံးအရင်းတို့သည် ယောသပ်နှင့်တကွ လိုက်သွားကြ၏။
Settings