ကမ္ဘာဦးကျမ်း 41:33-40
33
သို့ဖြစ်၍ ဖါရောဘုရင်သည် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ။
34
ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ။
35
ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး၍ ဖါရောဘုရင်ထံတော်၌ စပါးများ ကို ဆည်းဘူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထား ကြပါစေ။
36
သို့ဖြစ်၍ အဲဂုတ္တုပြည်၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသော ကာလတွင် ပြည်တော်မပျက်ရဟု ဖါရောမင်းအား လျှောက်လေ၏။
37
ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရော မင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက် ကြ၍၊
38
ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။
39
ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ။
40
သင်သည် နန်းတော်အုပ်ဖြစ်ရမည်။ သင်၏ စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင် စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက် ကြီးမြတ်မည်ဟု မိန့်တော်မူ၏။
Settings