Skip to content
ကမ္ဘာဦးကျမ်း 41:46-57

ကမ္ဘာဦးကျမ်း 41:46-57

46
ယောသပ်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်း ထံ၌ အခွင့်ရသောအခါ၊ အသက်အနှစ်သုံးဆယ် ရှိသ တည်း။ အထံတော်ကထွက်၍ အဲဂုတ္တုပြည်တရှောက်လုံး သို့ သွားလေ၏။
47
ဝပြောနှစ် ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့ သည် အလွန်များပြားကြ၏။
48
ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင် ရှိသမျှသော ရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင် လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထား လေ၏။
49
စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာစုထား၍ မရေတွက်နိုင်အောင် များသောကြောင့် မရေတွက်ဘဲနေသတည်း။
50
အစာခေါင်းပါးသောနှစ် မရောက်မှီ၊ ယောသပ် သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ၏။
51
သားဦးကိုကား မနာရှေအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသော ပင်ပန်းခြင်းနှင့် ငါ့အဘ၏ အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း။
52
နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွါးများ စေတော်မူပြီဟု ဆိုသတည်း။
53
ထိုနောက် အဲဂုတ္တုပြည်၌ ဝပြောသောနှစ် ခုနစ် နှစ်ကုန်လေ၏။
54
ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါး သော နှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသော ပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည် ၌ ဆန်စပါးရှိသေး၏။
55
နောက်တဖန် အဲဂုတ္တုပြည်သူ ပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါ မည်အကြောင်း ဖါရောမင်းထံ၌ ကြွေးကြော်ကြ၏။ဖါရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင် သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။
56
မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသော အခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့်၍ အဲဂုတ္တု လူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ် အတိုင်း အစာခေါင်းပါးသတည်း။
57
ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာ ခေါင်းပါးသောကြောင့်၊ အသီးသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှါ အဲဂုတ္တုပြည် ယောသပ်ထံသို့ လာ ရောက်ကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options