Skip to content
ကမ္ဘာဦးကျမ်း 18:1-15

ကမ္ဘာဦးကျမ်း 18:1-15

1
ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအား ထင်ရှားတော်မူသည် အကြောင်းအရာဟူ မူကား၊ နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ၌ ထိုင်လျက်၊
2
မြော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက် ရပ်နေကြသည်ကို မြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှါ တဲတံခါးဝမှပြေး၍ မြေသို့ ဦးညွတ်ချလျက်၊
3
အကျွန်ုပ်သခင်၊ ရှေ့တော်၌ အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှလွန်၍မသွားပါနှင့်။
4
ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကို ဆေးပြီး လျှင် သစ်ပင်အောက်၌ လျောင်းနေကြပါလော့။
5
မုန့်အနည်းငယ်ကိုလည်း ယူခဲ့ပါမည်။ အမော အပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကို ခံစေခြင်းငှါ၊ ကိုယ်တော် ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်း ပြုပါလော့ဟုဆိုကြ၏။
6
အာဗြဟံသည်လည်း၊ တဲအတွင်း၌ရှိသော စာရာ ဆီသို့ အလျင်အမြန်ဝင်ပြီးလျှင်၊ ဂျုံမုန့်ညက်သုံးစလယ်ကို အသော့ပြင်၍နယ်ပါ။ ပေါင်မုန့်ကို လုပ်ပါဟုဆိုလေ၏။
7
တဖန်နွားစုသို့ပြေး၍ နုထွားကောင်းမွန်သော နွားသငယ်ကို ယူခဲ့၍၊ လုလင်၌အပ်သဖြင့် မြန်မြန်ပြင်ဆင် စေ၏။
8
ထိုနောက် နို့နှင့် နို့စမ်းကို၎င်း၊ ပြင်ဆင်သော နွားသငယ်ကို၎င်း ယူ၍၊ ထိုသူတို့ရှေ့၌ ထည့်ပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာရပ်နေ၍၊ သူတို့သည် စားကြ၏။
9
ပြီးသောအခါ၊ သင်၏ မယားစာရာသည် အဘယ်မှာရှိသနည်းဟု မေးကြလျှင်၊ တဲအတွင်း၌ ရှိပါသည်ဟု ပြန်ပြော၏။
10
ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သော အခါ၊ ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည်။ ထိုအခါ သင်၏မယားစာရာသည် သားကိုရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ၏နောက်၌ တံခါးဝအနား မှာ၊ စာရာရှိသောကြောင့် ထိုစကားကိုကြား၏။
11
ထိုအခါ အာဗြဟံနှင့်စာရာသည် အသက် အရွယ်ကြီးရင့်လှပြီ။ စာရာသည် မိန်းမတို့၌ ဥတုရောက်မြဲ ရှိသည့်အတိုင်း မရောက်ပြီ။
12
ထိုကြောင့် စာရာက၊ ငါလည်းအိုပြီ၊ ငါ့သခင် လည်းအိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက်၊ တိတ်ဆိတ်စွာ ရယ်လေ၏။
13
သင်၏မယားစာရာက၊ အကယ်၍ ငါသည် အိုပြီးမှ၊ သားကို ဘွားလိမ့်မည်လောဟုဆိုလျက်၊ အဘယ် ကြောင့် ရယ်သနည်း။
14
ထာဝရဘုရားမတတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည် သားကိုရလိမ့်မည်ဟု ထာဝရဘုရားသည် အာဗြဟံအားမိန့်တော်မူ၏။
15
စာရာကလည်း ကျွန်မမရယ်ပါဟု၊ ကြောက်၍ ငြင်းလေ၏။ မဟုတ်ဘူး။ သင်ရယ်ပြီဟုမိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options