Skip to content
ကမ္ဘာဦးကျမ်း 17:1-14

ကမ္ဘာဦးကျမ်း 17:1-14

1
ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှား တော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။
2
ငါ၏ ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကို ငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။
3
အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊
4
ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။
5
နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြံဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။
6
ငါသည် သင့်ကို အလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏ အမျိုး အနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။
7
ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်ဟု၊ သင်နှင့်သင်၏ အမျိုးအနွှယ် အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်။
8
သင်သည် ယခုဧည့်သည်ဖြစ်၍နေသော ပြည်တည်းဟူသော၊ ခါနာန်ပြည်တရှောက်လုံးကို၊ သင်အား၎င်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အား၎င်း၊ အစဉ်အမြဲ အပိုင်ပေးမည်။ သူတို့၏ ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။
9
တဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။
10
သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။
11
အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့်သင်တို့ပြုသော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။
12
သင်တို့ အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဘွားသောသူဖြစ်စေ၊ ကိုယ့် အမျိုးမဟုတ်။ တပါးအမျိုးသား၌ ငွေနှင့်ဝယ်သောသူ ဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီး မင်္ဂလာကို ခံရမည်။
13
ကိုယ်အိမ်၌ ဘွားသောသူ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။
14
အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ၏ အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options