Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 4:1-13

ယေဇကျေလအနာဂတ္တိကျမ်း 4:1-13

1
တဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။
2
မြို့ကိုဝိုင်း၍မြို့ပြင်၌ တပ်တည်လော့။ မြေရိုး ကိုလည်းဖို့လော့။ တပ်သားတို့ကိုလည်းခင်းကျင်းလော့။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့၌ တုံးတို့ကိုလည်း ဆွထားလော့။
3
ထိုမှတပါး၊ သံပြားကိုယူ၍၊ သင်နှင့်မြို့စပ်ကြား မှာ သံရိုးဖြစ်စေခြင်းငှါ ထောင်ပြီးလျှင်၊ မြို့တဘက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည်ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။
4
ထိုမှတပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ် ၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထား လော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကို ခံရမည်။
5
အကြောင်းမူကား၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကိုသင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုသို့ ဣသရေလအမျိုး၏ အပြစ်ကို သင်သည် ခံရမည်။
6
ထိုနေ့ရက်စေ့ပြီးမှ၊ တဖန်လက်ျာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံးယုဒအမျိုး၏ အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကို ငါထားပြီ။
7
သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တဘက် ၌ ပရောဖက်ပြုရမည်။
8
ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှု ကို ပြုရသော ကာလမစေ့မှီ၊ သင်သည် တဘက်မှ တဘက်သို့ မစောင်းရ။
9
ထိုမှတပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတလုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတဘက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှော သောဆန်ကို မုန့်လုပ်၍ စားရမည်။
10
ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍ စားရမည်။
11
ရေကိုလည်းတနေ့တနေ့လျှင် တဗတ်စီခြင်၍ သောက်ရမည်။
12
မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှါ၊ လူများရှေ့တွင် လူ၏မစင်နှင့်ဖုတ်ရမည်။
13
ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တပါးအမျိုးသားတို့ နေရာ၌၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options