ထွက်မြောက်ရာကျမ်း 21:18-36
18
လူချင်းခိုက်ရန် ပြု၍ တယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်၎င်း၊
19
တဖန်ထ၍ တောင်ဝေးနှင့်သွားလျှင်၎င်း၊ ရိုက်သောသူကို အပြစ်လွှတ်ရမည်။ သို့ရာတွင် နာသော သူသည် အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှါ ကုသရသည်အတွက်၊ ငွေကို လျော်ရမည်။
20
သခင်သည် ကျွန်ယောက်ျားကျွန်မိန်းမကို ဒုတ်နှင့်ရိုက်၍ထိုကျွန်သေလျှင်၊ သခင်သည် လေးသော ဒဏ်ကို ခံရမည်။
21
သို့ရာတွင် ကျွန်သည် တရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထိုကျွန်ကို ပိုင်သောကြောင့် ဒဏ်နှင့် လွတ်ရမည်။
22
လူချင်းခိုက်ရန် ပြုကြ၍၊ ကိုယ်ဝန်ဆောင်သော မိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသော အနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကို လျော်ရမည်။
23
အခြားသော အနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊
24
မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း၊
25
မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို၎င်း၊ ရှနခြင်းအတွက် ရှနခြင်းကို၎င်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို၎င်း ခံရမည်။
26
သခင်သည် ကျွန်ယောက်ျား ကျွန်မိန်းမ၏ မျက်စိကို ပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက် လွှတ်ရမည်။
27
ထိုအတူ ကျွန်ယောက်ျား ကျွန်မိန်းမ၏ သွားကို ကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက် လွှတ်ရမည်။
28
နွားသည် လူယောက်ျားမိန်းမကို ခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့် ပစ်၍ သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။
29
၎င်းနည်းနွားသည် အထက်က ခွေ့ဘူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင် အလွတ်ထား၍၊ နွားသည် ယောက်ျားမိန်းမကို သတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကို လည်း အသေသတ်ရမည်။
30
သို့မဟုတ် ငွေလျော်စေဟု စီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဘိုးကို လျော်ရမည်။
31
သူတပါး၏ သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်း ခံရမည်။
32
ကျွန်ယောက်ျားကျွန်မိန်းမကို ခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကို လျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့် ပစ်သတ်ရမည်။
33
လူသည် တွင်းကို ဖွင့်၍ ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏ မြင်း၊ နွားသည် ထိုတွင်း၌ကျလျှင်၊
34
တွင်းရှင်သည် မြင်း၊ နွားအဘိုးကို လျော်၍ အသေကောင်ကို ယူရမည်။
35
အကြင်သူ၏ နွားသည်၊ သူတပါး၏ နွားကို အသေခွေ့လျှင်၊နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကို ရောင်း၍ အဘိုးကို ဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။
36
၎င်းနည်းနွားသည် အထက်က ခွေ့ဘူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ် ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတကောင်အတွက် တကောင်ကို အမှန်လျော်ရမည်။
Settings