Skip to content
ဓမ္မရာဇဝင်ပဌမစောင် 14:24-46

ဓမ္မရာဇဝင်ပဌမစောင် 14:24-46

24
ထိုနေ့၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည်အကြောင်း၊ ညဦးချိန်မရောက်မှီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့ အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။
25
လူအပေါင်းတို့သည် မြေပေါ်၌ ပျားရည်ရှိရာတောသို့ ရောက်သဖြင့်၊
26
တောထဲသို့ ဝင်သောအခါ ပျားရည်စက်စက်ကျလျက်ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သော ကြောင့်၊ အဘယ်သူမျှ မိမိလက်ကို မိမိ ပါးစပ်၌ မထည့်။
27
သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့၌နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ၏။
28
ခမည်းတော်က၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူများတို့အား ကျပ်ကျပ် အကျိန် ပေးတော်မူပြီဟု လူတယောက်ကြားလျှောက်၏။ လူတို့သည်လည်း မောလျက်နေကြ၏။
29
ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ရှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိ ကြည်လင်သည်ကို ကြည့်ပါတော့။
30
လူများတို့သည် ယနေ့ တွေ့မိသော ရန်သူ၏ ဥစ္စာကို စားချင်တိုင်းစားလျှင်၊ အဘယ်မျှလောက် အကျိုးကြီးလိမ့်မည်တကား။ ဖိလိတ္တိလူတို့ကို သာ၍ လုပ်ကြံကြလိမ့်မည်တကားဟု ဆိုလေ၏။
31
ထိုနေ့၌ ဖိလိတ္တိလူတို့ကို မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင် လုပ်ကြံကြ၏။ ဣသရေလလူတို့ သည် အလွန်ပင်ပန်းသဖြင့်၊-
32
ရန်သူ၏ ဥစ္စာကို လုယူ၍၊ သိုး၊ နွား၊ နွားသငယ်တို့ကို မြေပေါ်မှာ သတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။
33
ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြား လျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ။ ကြီးစွာသော ကျောက်ကို ငါ့ထံသို့ ယနေ့ လှိမ့်ခဲ့။
34
လူများတို့တွင် အရပ်ရပ်သွား၍ လူအသီးအသီး မိမိတို့ သိုးနွားကို ဤအရပ်သို့ ယူခဲ့ပြီးလျှင်၊ ဤ အရပ်၌ သတ်စားကြစေ။ အသွေးနှင့်တကွစား၍ ထာဝရဘုရားကို မပြစ်မှားစေနှင့်ဟု မိန့်တော် မူသည်အတိုင်း၊ လူများတို့သည် အသီးအသီး မိမိတို့ သိုးနွားကို ထိုညဉ့်၌ ယူခဲ့၍ ထိုအရပ်၌ သတ် ကြ၏။
35
ရှောလုသည်လည်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လေ၏။ ထိုပလ္လင်ကား ထာဝရ ဘုရားအဘို့ တည်သော ပဌမပလ္လင် ဖြစ်သတည်း။
36
တဖန်ရှောလုက၊ ညဉ့်အခါ ငါတို့သည် ဖိလိတ္တိ လူတို့ကို လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ဘဲ၊ မိုဃ်းလင်းသည်တိုင်အောင် ဖျက်ဆီးကြကုန်အံ့ဟု စီရင်၍၊ လူများတို့က စိတ်တော်ရှိသည် အတိုင်း ပြုတော်မူပါဟု ဝန်ခံကြသော်၊ ယဇ်ပုရောဟိတ်က၊ ဘုရားသခင့်အထံတော်သို့ ချည်းကပ်ကြကုန်အံ့ ဟု ဆိုလေ၏။
37
ရှောလုကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ကို လိုက်ရပါမည်လော။ သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူမည်လောဟု ဘုရားသခင့်ထံ အခွင့်ပန်သော်လည်း၊ ထိုနေ့တွင် ပြန်တော်မမူ။
38
ရှောလုကလည်း၊ လူတို့တွင် အရာရှိအပေါင်းတို့၊ ယနေ့ အဘယ်သူ ပြစ်မှားမိသည်ကို သိမြင်အံ့သော ငှါ ချဉ်း၍ လာကြလော့။
39
ဣသရေလအမျိုးကို ကယ်တင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့သား ယော နသန် ဖြစ်သော်လည်း၊ ဆက်ဆက် သေရမည်ဟုဆိုသော်၊ အဘယ်သူမျှ ပြန်၍မလျှောက်ဝံ့။
40
ရှောလုကလည်း၊ သင်တို့သည် တဘက်၊ ငါနှင့်ငါ့သား ယောနသန်သည် တဘက်နေရကြမည်ဟု ဆိုလျှင်၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု လျှောက်ကြသော်၊
41
ရှောလုက၊ ဖြောင့်မတ်စွာ စီရင်တော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ လူများတို့သည် လွတ်ကြ၍၊ ရှောလုနှင့် ယောနသန်ကို မှတ်တော်မူ၏။
42
ရှောလုကလည်း၊ ငါနှင့် ငါ့သား ယောနသန်အို့ စာရေးတံပြုလော့ဟု ဆိုသဖြင့်၊ ယောနသန်ကို မှတ်တော်မူ၏။ -
43
ရှောလုကလည်း၊ သင်ပြုသော အမှုကို ပြောလော့ဟု ယောနသန်အားဆိုလျှင်၊ ယောနသန်က၊ အကျွန်ုပ်ကိုင်သော လှံဖျားနှင့် ပျားရည်အနည်းငယ်ကို ယူ၍ မြည်းစမ်းမိပါပြီ။ ထိုအမှုကြောင့်သာ သေရပါမည်ဟု ပြန်ပြော၏။
44
ရှောလုကလည်း၊ ယောနသန်၊ သင်သည် ဆက်ဆက်မသေလျှင်၊ ဘုရားသခင်သည် ထိုမျှမက ငါ၌ ပြုတော်မူပါစေသောဟု ဆိုသော်လည်း၊-
45
လူများတို့က၊ ဣသရေလအမျိုး၌ ဤကယ်တင်ခြင်း ကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ၏ ဆံခြည်တပင်မျှ မြေပေါ်မှာ မကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း၍ ပြုပါပြီဟု ဆိုသဖြင့်၊ အသက်ချမ်းသာစေခြင်းငှါ ယောနသန်ကို ကယ်နှုတ်ကြ၏။
46
ထိုနောက် ရှောလုသည် ဖိလိတ္တိလူတို့ကို မလိုက်။ သူတို့သည် နေရင်းအရပ်သို့ ပြန်သွားကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options