The Miracles of Christ အကြောင်း ကျမ်းစာအခန်းငယ်များ: Nobleman's son healed
Nobleman's son healed အကြောင်း အခန်းငယ်များ
ရေကိုစပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။
ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ၏။
ယေရှုကလည်း၊ သင်တို့သည်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင်ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊
သခင်၊ အကျွန်ုပ်သားမသေမှီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။
ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။
လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားတော်သည် အသက် ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။
အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟုမေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက် ပါသည်ဟု လျှောက်ကြ၏။
ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။