နေဟမိမှတ်စာ 9:22-31
22
နောက်မှတပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများ ကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော် မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင် ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
23
သူတို့သားမြေးတို့ကို မိုဃ်းကောင်းကင်ကြယ် ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ဂတိထားတော်မူ၏။ ထိုပြည်ထဲသို့သွင်းတော်မူသဖြင့်၊
24
သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။
25
ထိုသို့သူတို့သည် ခိုင်ခံ့သောမြို့များ၊ မြေကောင်း သောပြည်၊ ဥစ္စာနှင့် ပြည့်သောအိမ်၊ တူးပြီးသောရေတွင်း၊ များပြားသော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အသီးသီး သော အပင်တို့ကိုသိမ်းယူ၍၊ ဝစွာစားသောက်လျက် အသားဆူဖြိုး၍ ကျေးဇူးတော်ကြွယ်ဝခြင်း၌ မွေ့လျော် ကြ၏။
26
သို့ရာတွင် အမိန့်တော်ကို နားမထောင်၊ ပုန်ကန် လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ၏။ အထံတော်သို့ ပြန်လာစေခြင်းငှါ၊ ဆုံးမသော ကိုယ်တော် ၏ ပရောဖက်တို့ကို သတ်၍ အလွန်ပြစ်မှားခြင်းကို ပြုကြ ၏။
27
ထိုကြောင့်၊ သူတို့ကို နှောင့်ရှက်သော ရန်သူ လက်သို့ အပ်လိုက် တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံကနားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက် မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။
28
တဖန်ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက် ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံ ကနားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။
29
တရားတော်ကိုကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူ သော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှား ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ် သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက်နားမထောင်ဘဲ နေကြ၏။
30
နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ၍၊ ကိုယ်တော် ၏ ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သော ကြောင့်၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ၏။
31
သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကရုဏာ တော် ကြွယ်ဝသောကြောင့်၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး တော်မမူ။ စွန့်ပစ်တော်မမူ။
Settings