အပြစ်ဖြေရာယဇ်
14
တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
15
တစုံတယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသော အပြစ်မပါသော သိုးထီးကို ၎င်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။
16
ထိုသို့ ဘုရားနှင့်ဆိုင်သော အရာ၌ ပြစ်မှားမိရာကို ပြုပြင်ပြီးလျှင်၊ ငါးစုတစုကိုလည်း ထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။ ယဇ်ပုရောဟိတ်သည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအား ဖြင့်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။
17
တစုံတယောက်သောသူသည်၊ ထာဝရဘုရား ပညတ်တော်မူသော အမှုတစုံတခုကို ပြု၍ ပြစ်မှား မိလျှင်၊ ကိုယ်ပြစ်မှားမှန်းကို မသိသော်လည်း၊ အပြစ်ရောက်၍၊ ထိုအပြစ်ကိုခံရမည်။ -
18
ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကို ဆောင်ခဲ့ရမည်။ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏ အပြစ်လွတ်လိမ့်မည်။
19
ဒုစရိုက်ဖြေသောယဇ် ဖြစ်သတည်း။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာ ရောက်သတည်းဟု မိန့်တော်မူ၏။
6:1
တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
2
တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက်၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်၎င်း၊ သူဥစ္စာကို အနိုင်အထက်ယူသော်၎င်း၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော်၎င်း၊
3
ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
4
ထိုသူသည် ပြစ်မှား၍ အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသော ဥစ္စာ၊ လှည့်စား၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ၊ ပျောက်၍တွေ့သော ဥစ္စာ၊
5
မဟုတ်မမှန်ဘဲ ကျိန်ဆို၍၊ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါးစုတစုကို ထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အား ပြန်ပေးရမည်။
6
ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
7
ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings