Skip to content
ဝတ်ပြုရာကျမ်း 22:1-16

ဝတ်ပြုရာကျမ်း 22:1-16

1
တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
2
အာရုန်နှင့်သူ၏သားတို့သည် ငါ့အဘို့ သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည် အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။
3
ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
4
နူနာ၊ ရိနာစွဲသော အာရုန်၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုတ်ရည်ထွက်သောသူ၊-
5
ညစ်ညူးစေ၍ တွားတတ်သော တိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစုံတခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသော သူတို့သည်၊-
6
ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကို ရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကို မစားရ။
7
နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့ စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှ စားရကြမည်။
8
အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည် ထာဝရဘုရားဖြစ်၏။
9
ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကို ဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ၏။
10
တပါးအမျိုးသားသည် သန့်ရှင်းသောအရာကို မစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည် မစားရ။ သူငှါးလည်း မစားရ။
11
ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သောသူ၊ သူ၏ အိမ်၌မွေးသောသူသည် သူ၏အစာကို စားရမည်။
12
ယဇ်ပုရောဟိတ်သမီးသည် တပါးအမျိုးသား၏ မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကို မစားရ။
13
သို့ရာတွင် လင်သေသော်၎င်း၊ လင်နှင့်ကွာသော်၎င်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန်၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တပါးအမျိုးသားမစားရ။
14
လူသည် သန့်ရှင်းသောအရာကို မသိဘဲ စားမိလျှင်၊ စားမိသောအရာ၏ အဘိုးနှင့်တကွ ငါးစုတစု ကိုထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။
15
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။
16
ထိုအရာတို့ကို စားမိ၍ ပြစ်မှားသောအပြစ်ကို မခံစေရ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options