Skip to content
ဝတ်ပြုရာကျမ်း 14:36-53

ဝတ်ပြုရာကျမ်း 14:36-53

36
ထိုအိမ်၌ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာက အကြည့်အရှုမဝင်မှီ၊ ရှိသမျှကို ထုတ်စေခြင်းငှါ စီရင်ရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို အကြည့်အရှုဝင်၍၊-
37
အနာကို ကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌ အနာစွဲဟန်ရှိလျှင်၊ -
38
အိမ်တံခါးပြင်သို့ ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံး ပိတ်ထားရမည်။
39
သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊
40
အနာစွဲသော ကျောက်တို့ကို နှုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သော အရပ်၌ ပစ်ထားစေခြင်းငှါ ယဇ် ပုရောဟိတ်စီရင်၍၊
41
ထိုအိမ်ကို အတွင်းပတ်လည်၌ ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ် သောအရပ်၌ သွန်ပစ်ရမည်။
42
အရင်ကျောက်အစား၌ အခြားသော ကျောက်ကိုယူ၍ ထည့်ပြီးလျှင်၊ အသစ်သော အင်္ဂတေနှင့် မွမ်းမံရမည်။
43
ထိုသို့ ကျောက်ကို နှုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကို ပြုပြီးမှ၊ တဖန် အနာစွဲ ပြန်လျှင်၊-
44
ယဇ်ပုရောဟိတ်လည်း အကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွါးသည် မှန်လျှင်၊ စားတတ်သော နူနာဖြစ်၏။
45
ထိုအိမ်သည် မစင်ကြယ်သောကြောင့်၊- ကျောက်၊ သစ်သား၊ မင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သော အရပ်သို့ ယူသွားရမည်။
46
ထိုမှတပါး၊ ထိုအိမ်ကို ပိတ်ထားသည် ကာလပတ်လုံး၊ အထဲသို့ ဝင်မိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။
47
ထိုအိမ်၌ အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။
48
ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကို အသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည် စင်ကြယ်၏ဟု စီရင်ရမည်။
49
ထိုအိမ်ကို စင်ကြယ်စေခြင်းငှါ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ဟု ဿုပ်ပင်ညွန့် တို့ကိုယူ၍၊-
50
စီးသောရေကို ထည့်သောမြေအိုးထဲ၌ ငှက်တကောင်ကို သတ်ပြီးမှ၊
51
အာရဇ်သစ်သား၊ဟု ဿုပ်ပင်ညွှန့်၊ နီသောကြိုး၊ အသက်ရှင်သော ငှက်ကို ယူ၍ ငှက်သွေးရောသော ရေ၌ နှစ်ပြီးလျှင်၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။
52
ထိုသို့ ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကို စင်ကြယ်စေပြီးမှ၊-
53
အသက်ရှင်သော ငှက်ကို မြို့ပြင် ဟင်းလင်းသောအရပ်၌ လွှတ်လိုက်၍၊ ထိုအိမ်အဘို့၊ အပြစ်ဖြေ ခြင်းကို ပြုလျှင်၊ စင်ကြယ်ခြင်း ရှိလိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options