ယောရှုမှတ်စာ 10:1-6
1
ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသ ကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက် ဆီးကြောင်းကို၎င်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို ၎င်း၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြား သောအခါ၊
2
ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျား အပေါင်းတို့ သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ ကြ၏။
3
ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက် သည်၊ ဟေဗြုန်မင်းကြီး ဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ်၍၊
4
ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊
5
ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးတည်း ဟူသော အာမောရိမင်းကြီး ငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ၏။
6
ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလ မြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင် တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီး အပေါင်းတို့သည် ကျွန်တော်တို့ကို တိုက်ခြင်းငှါ စည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
Settings