ယေရမိအနာဂတ္တိကျမ်း 51:1-10
1
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက်၌၎င်း၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော်သော သူတို့တဘက်၌၎င်း၊ ဖျက်ဆီးတတ်သော လေကို ငါထစေ မည်။
2
စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန်မြို့ သို့ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံးကိုပြာ၍ ရှင်းလင်းကြလိမ့်မည်။ အမှုရောက်သောကာလ၊ သူတို့ သည် မြို့ပတ်ဝန်းကျင်တို့၌ ရန်ဘက်ပြုလျက်နေကြ လိမ့်မည်။
3
လေးကိုကိုင်သောသူ၊ သံချပ်အင်္ကျီကိုဝတ်သော သူတို့ကို လေးတင်၍ ပစ်ကြလော့။ မြို့သားလုလင်တို့ကို မနှမြောဘဲ၊ မြို့သားအလုံးအရင်းရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။
4
ထိုသို့သူရဲတို့သည် ခါလဒဲပြည်တွင်၊ လမ်းမတို့၌ လဲ၍အထိုးခံရကြလိမ့်မည်။
5
ဣသရေလအမျိုးနှင့်ယုဒအမျိုးနေရာ ပြည်သည်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရားကို ပြစ်မှားသော အပြစ်နှင့်ပြည့်သော်လည်း၊ သူတို့ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ်တော်မမူ။
6
ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နှုတ်ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက် စီရင်တော်မူမည်။
7
ဗာဗုလုန်မြို့သည်၊ ထာဝရဘုရားကိုင်တော်မူ၍ မြေကြီးတပြင်လုံးကို ယစ်မူးစေသောရွှေဖလားဖြစ်၏။ ထိုဖလား၌ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက်၍အရူးဖြစ်ကြ၏။
8
ဗာဗုလုန်မြို့သည် ချက်ခြင်းပြိုလဲ၍ ပျက်စီးပြီ။ သူ၏အတွက် ငိုကြွေးမြည်တမ်းကြလော့။ သူ၏အနာ ပျောက်နိုင်လျှင်၊ ပျောက်စေခြင်းငှါ ဗာလစံစေးကို ယူကြလော့။
9
ငါတို့သည် ဗာဗုလုန်မြို့၏အနာကို ပျောက်စေ ခြင်းငှါ ပြုသော်လည်း၊ အနာမပျောက်နိုင်။ သူ့ကို စွန့်ပစ်၍၊ အသီးအသီး ငါတို့ နေရင်းပြည်သို့ သွားကြ ကုန်အံ့။ သူခံရသော အပြစ်သည် ကောင်းကင် တိုင်အောင် ရောက်၍၊ မိုဃ်းတိမ်ကို ထိလျက်ရှိ၏။
10
ထာဝရဘုရားသည် ငါတို့ဖြောင့်မတ်ကြောင်းကို ဘော်ပြတော်မူပြီ။ လာကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဇိအုန်မြို့၌ ကြားပြောကြ ကုန်အံ့။
Settings