Skip to content
ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:6-17

ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:6-17

6
ထိုသူအပေါင်းတို့သည် သူတဘက်၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက်၊ ကိုယ်မပိုင် သော ဥစ္စာကို ဆည်းဖူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံးကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည်မဟုတ်လော။
7
သင့်ကို ကိုက်သော သူတို့သည် ချက်ခြင်း ထကြ မည်မဟုတ်လော။ နှောင့်ရှက်သော သူတို့သည် နိုးကြမည် မဟုတ်လော။ သင်သည် သူတို့လုယူရာဖြစ်လိမ့်မည်။
8
သင်သည် များစွာသောလူမျိုးတို့ကို လုယူသော ကြောင့်၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည် သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြု ကြလိမ့်မည်။
9
မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေး ဒဏ်လက်မှ မိမိလွတ်စေခြင်းငှါ၊ မကောင်းသော အဓမ္မ စီးပွားကို မိမိအမျိုးအဘို့ ရှာသောသူသည် အမင်္ဂလာ ရှိ၏။
10
သင်သည် လူများတို့ကို လုပ်ကြံသောအားဖြင့် ကိုယ်အမျိုးကို အရှက်ကွဲစေခြင်းငှါ ကြံစည်၍၊ ကိုယ် အသက်ကို ပြစ်မှားပြီ။
11
အကယ်စင်စစ် ကျောက်တလုံးသည် ကျောက် ထရံထဲက ဟစ်ခေါ်၍၊ ထုပ်တချောင်းသည် သစ်သားစုထဲ က ထူးလေ၏။
12
လူအသက်ကို သတ်သောအပြစ်နှင့် ရွာကို တည်သောသူ၊ အဓမ္မအမှုနှင့် မြို့ကို ခိုင်ခံ့စေသော သူ သည် အမင်္ဂလာရှိ၏။
13
လူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုး မျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစီရင်တော်မူပြီ။
14
အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာ ကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား၏ ဘုန်း တော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။
15
မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို၍၊ သူ့ကို ယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း၍ သောက်စေသော သူသည် အမင်္ဂလာရှိ၏။
16
သင်သည် အသရေပျက်၍ အရှက်ကွဲခြင်းနှင့် ဝလိမ့်မည်။ ကိုယ်တိုင်သောက်၍ အဝတ်ချွတ်ခြင်းကို ခံရ လိမ့်မည်။ ထာဝရဘုရား၏ လက်ျာလက်တော်၌ရှိသော ဖလားသည် သင့်ဆီသို့ ရောက်၍၊ ရွံရှာဘွယ်သော အော့ အန်ခြင်းသည် သင့်အသရေကို လွှမ်းမိုးလိမ့်မည်။
17
လေဗနုန်တောင်ကို အနိုင်အထက်ပြုသော အပြစ်၊ တိရစ္ဆာန်များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီးသော အပြစ်သည် သင့်ကို လွှမ်းမိုးလိမ့် မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သား အပေါင်းတို့ကို ညှဉ်းဆဲသော အပြစ်ရှိ၏။
Settings

Reading Style

Typeface

Font Size 19px

Options