Skip to content
ဓမ္မရာဇဝင်ဒုတိယစောင် 3:1-16

ဓမ္မရာဇဝင်ဒုတိယစောင် 3:1-16

1
ရှောလုအမျိုးနှင့် ဒါဝိဒ်အမျိုးတို့သည် ကြာမြင့်စွာစစ်တိုက်၍၊ ဒါဝိဒ်သည်အားတိုးပွားလျက်၊ ရှောလု အမျိုးသည် အားရွေ့လျော့လျက် ရှိကြ၏။
2
ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသားအာမနုန်တည်း။
3
ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။
4
စတုတ္တသားကား၊ ဟဂ္ဂိတ်၏ သားအဒေါနိယ တည်း။ ပဉ္စမသားကား၊ အဘိတလနသား ရှေဖတိတည်း။
5
ဆဋ္ဌမသားကား၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံတည်း။ ဤရွေ့ကား၊ ဟေဗြုန် မြို့၌ ဒါဝိဒ်မြင်သောသားတည်း။
6
ရှောလုအမျိုးနှင့်ဒါဝိဒ်အမျိုး စစ်တိုက်ကြစဉ်အခါ၊ အာဗနာသည် ရှောလုအမျိုးဘက်မှာ ကိုယ်ကို ခိုင်မာစေ၏။
7
ရှောလု၌ အဲအာ၏သမီးရိဇပမည်သော မယားငယ်တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့အဘ၏ မယားငယ်ကိုအဘယ်ကြောင့် သိမ်းသနည်းဟု အာဗနာအားဆိုလျှင်၊
8
ထိုစကားကြောင့် အာဗနာသည် အလွန်စိတ်ဆိုးလျက်၊ ငါသည် ယုဒအမျိုးကို ဆီးတား၍ သင့်အဘရှောလု အမျိုးနှင့် ညီအစ်ကိုအဆွေခင်ပွန်းတို့အား ယနေ့တိုင်အောင် ကျေးဇူးပြုသဖြင့် သင့်ကိုဒါဝိဒ်လက်သို့ မအပ်နှံဘဲနေသော်၊ သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့ သာမှတ်၍ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည် လော။
9
ထာဝရဘုရားသည် နိုင်ငံတော်ကို ရှောလုအမျိုးမှ နှုတ်၍
10
ဒါဝိဒ်၏ အာဏာတော်ကိုဒန်မြို့မှစ၍ ဗေရ ရှေဘမြို့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အရပ် ရပ်တို့၌ တည်စေခြင်းငှါ၊ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆို တော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရားသခင်သည် အာဗနာအား ပြုတော်မူပါစေသောဟု ဆိုသောကြောင့်၊
11
ဣရှဗောရှက်သည် ကြောက်၍ စကားတခွန်း ကိုမျှ မပြန်ဝံ့။
12
ထိုနောက်အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍၊ ပြည်ရှင်မင်းကား အဘယ်သူနည်း။ ကျွန်တော်နှင့်မိဿဟာယဖွဲ့တော်မူပါ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှါ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို၏။
13
ဒါဝိဒ်ကလည်း ကောင်းပြီ။ သင်နှင့်ငါ မိဿဟာယဖွဲ့မည်။ သို့ရာတွင် ငါတောင်းစရာတခုရှိ၏။ ငါ့မျက်နှာကိုမြင်အံ့သောငှါ လာသောအခါ၊ ရှောလုသမီး မိခါလကို ဆောင်ခဲ့ရမည်။ သို့မဟုတ် ငါ့မျက်နှာကို မမြင်ရဟု ပြန်ဆို၏။
14
ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့စေလွှတ်၍၊ ငါသည် ဖိလိတ္တိလူ အရေဖျားတရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း၊
15
ဣရှဗောရှက်သည် စေလွှတ်၍ ထိုမိန်းမကို သူ၏လင်လဲရှ၏ သားဖာလတိလက်မှ နှုတ်ယူလေ၏။
16
သူ၏လင်သည် ငိုကြွေးလျက် သူ့နောက်သို့ ဗာဟုရိမ်မြို့တိုင်အောင်လိုက်လေ၏။ အာဗနာကလည်း ပြန်သွားတော့ဟုဆိုသော် ပြန်သွားရ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options