သက်သာလောနိတ်ဩဝါဒစာပဌမစောင် 5:12-22
12
ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊
13
သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအသင့်အတင့်နေကြလော့။
14
တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့။
15
သူတပါး၌အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသောသူတို့၌ ၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။
16
အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။
17
မခြားမလပ်ဆုတောင်းပဌာနပြုကြလော့။
18
အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။
19
ဝိညာဉ်တော်၏အရှိန်ကို အငြိမ်းစေကြနှင့် ။
20
ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့် ။
21
ခပ်သိမ်းသော အရာကိုစုံစမ်း၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။
22
မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။
Settings