တောလည်ရာကျမ်း 2:1-12
1
တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
2
ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲတော်ကို ရှေ့ရှု ပြု၍ နေရာချရမည်။
3
နေထွက်ရာ အရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
4
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။
5
ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသား နာသနေလသည်။ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
6
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။
7
ထိုနောက်၊ ဇာဖုလုန်တပ်ချ၍ ဟေလုန်သား ဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
8
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။
9
ယုဒတပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ ချီရကြမည်။
10
တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည်။
11
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း။
12
ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings