ရှင်မာကုခရစ်ဝင် 5:1-13
1
အိုင်တဘက်၊ ဂါဒရပြည်သို့ ရောက်ကြ၍၊
2
ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏခြင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်း တစပြင်မှ ထွက်လာ၍ ကိုယ်တော်ကိုခရီးဦးကြိုပြုလေ၏။
3
ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှ ချည်၍မနိုင်။
4
ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကိုဖြဲတတ်၏။ သူ့ကို ယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင်။
5
နေ့ညဉ့်မပြတ် သင်္ချိုင်းတစပြင်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့် ကိုယ်ကို ရှုစေလျက် နေတတ်၏။
6
ယေရှုကိုအဝေးကမြင်လျှင်၊ အထံတော်သို့ ပြေးလာ၍ ပြပ်ဝပ်လျက်၊
7
အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။
8
လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။
9
ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည် ရှိသနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊
10
ထိုပြည်ထဲက အခြားသို့မနှင့်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။
11
ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။
12
နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါ ဟု တောင်းပန်ပြန်လျှင်၊
13
ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။
Settings