Skip to content
ဝတ်ပြုရာကျမ်း 19:17-37

ဝတ်ပြုရာကျမ်း 19:17-37

17
သင်၏ ညီအစ်ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့် စပ်ဆိုင်သော သူ၌ရှိသော အပြစ်ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမရမည်။
18
သင့်အမျိုးသားချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
19
ငါ၏ ပညတ်တရားကို သင်တို့သည် စောင့်ရကြမည်။ အမျိုးခြားသော တိရစ္ဆာန် အထီးအမတို့ကို မရှက်မတင်စေရ။ ခြားနားသော မျိုးစေ့ကို ရောနှော၍ လယ်၌ မကြဲရ။ ဝါနှင့်သိုးမွေး ရော၍ ရက်သောအဝတ်ကို မဝတ်ရ။
20
ထိမ်းမြားဆောင်နှင်းလျက်၊ မရွေးမလွှတ်သေးသော ကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက် ခြင်းကို ခံရမည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့် လွတ်ရမည်။
21
ယောက်ျားသည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဘို့ သိုးထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။
22
ထိုယောက်ျားပြုမိသောအပြစ်ကို ဖြေခြင်းငှါ၊ ဒုစရိုက်ဖြေရာယဇ် သိုးကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။
23
သင်တို့သည် ငါပေးသောပြည်သို့ ရောက်၍၊ စားအပ်သော အပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ် လုံးသီးသော အသီးကို၊ အရေဖျားလှီးခြင်းကို မခံသော အသီးဟူ၍ မှတ်ရမည်။ ထိုအသီးကို မစားရ။
24
စတုတ္ထနှစ်တွင် သီးသောအသီးရှိသမျှသည် သန့်ရှင်း၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ဘို့ရာ ဖြစ်ရမည်။
25
ပဉ္စမနှစ်တွင် သီးသောအသီးကို စားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
26
အသွေးပါသော အသေကောင်ကို မစားရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။
27
ဦးခေါင်းအနားပတ်လည်၌ ဆံပင်ကိုဝန်း၍ မရိတ်ရ။ ပါးမုန်းကိုလည်း မရိတ်ရ။
28
သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
29
ကိုယ်သမီးကို ပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့် ပြည့်လိမ့်မည်။
30
ငါ့ဥပုသ်နေ့တို့ကို စောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
31
ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှါ၊ နတ်ဝင်သူကို မမှိဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
32
ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ ဘုရားသခင်ကို ကြောက်ရွံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
33
သင်၏ ပြည်၌ တည်းနေသော ဧည့်သည်ကို မညှဉ်းဆဲရ။
34
သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
35
တိုင်းထွာသောအမှု၊ ချိန်တွယ်သောအမှု၊ ခြင်တွက်သောအမှု၌ မတရားစွာ မပြုရ။
36
မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်တို့ကို သုံးရမည်။ ငါသည်သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။
37
သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို စောင့်ရှောက်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options