ယေဇကျေလအနာဂတ္တိကျမ်း 32:1-16
1
သက္ကရာဇ် တဆယ်နှစ်ခု၊ ဒွါဒသမလတရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2
အချင်းလူသား၊ သင်သည်အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည် မှာ၊ သင်သည်လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ဖြစ်၏။ အိုင်၌ နေသောမိကျောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်တို့ကို ကူးသွားလျက်၊ ခြေဖြင့်ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။
3
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့်သင့်ကို အုပ်မိ ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့် မည်။
4
ငါသည် သင့်ကိုကုန်းပေါ်မှာတင်၍ လွင်ပြင်၌ ပစ်ထားမည်။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို သင့် အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာ ကျွေးမည်။
5
သင့်အသားကို တောင်တို့အပေါ်၌ ငါခင်းမည်။ ချိုင့်တို့ကို သင့်ကိုယ်နှင့် ပြည့်စေမည်။
6
သင်မှ ယိုသော အသွေးဖြင့် မြေကိုတောင်ထိပ် တိုင်အောင် စိုစေမည်။ မြစ်တို့သည် သင့်အသွေးနှင့် ပြည့်ကြလိမ့်မည်။
7
သင့်ကို ငါဆုံးစေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေမည်။ နေကို မိုဃ်းအုံ စေ၍ လသည်လည်း အလင်းကို မပေးရ။
8
သင့်အထက်၊ မိုဃ်းကောင်းကင်၌ ထွန်းလင်းသော အလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍၊ သင့်ပြည်ကို မှောင် မိုက်နှင့် ဖုံးလွှမ်းမည်။
9
သင်မသိဘူးသော အတိုင်းတိုင်းအပြည်ပြည်တို့ တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြာစေသောအခါ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည်။
10
အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများ တို့ကို ငါမိန်းမောတွေဝေစေမည်။ ငါသည် ရှင်ဘုရင်တို့ ရှေ့မှာ ထားနှင့်ရွယ်သောအခါ၊ သူတို့သည် သင့်အမှု ကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည်။ သင်ဆုံးရှုံးသော နေ့၌သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
11
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထားသည် သင့်အပေါ်သို့ ရောက် လိမ့်မည်။
12
ခွန်အားကြီးသောသူ၊ ကြောက်မက်ဘွယ်သော လူမျိုး အပေါင်းတို့ဖြင့် သင်၏အလုံးအရင်းကို ငါလဲ စေမည်။ သူတို့သည် အဲဂုတ္တုမာနကို နှိမ့်ချ၍၊ ပြည်သား အလုံးအရင်းရှိသမျှကို ဖျက်ဆီးကြလိမ့်မည်။
13
များစွာသော ရေအနားမှာ ကျက်စားသမျှသော တိရစ္ဆာန်တို့ကိုလည်း ငါပယ်ရှင်းမည်။ နောက်တဖန် လူခြေနှင့် တိရစ္ဆာန်ခြေသည် ထိုရေကို မနောက်စေရ။
14
ထိုရေကို ငါကြည်စေ၍ မြစ်ရေသည် ဆီကဲ့သို့ စီးစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
15
ငါသည် အဲဂုတ္တုပြည်၌ ဥစ္စာရှိသမျှကို ကုန်စေ ခြင်းငှါ သုတ်သင်ပယ်ရှင်း၍၊ ပြည်သူပြည်သား အပေါင်း တို့ကို ဒဏ်ခတ်သောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။
16
ဤရွေ့ကား၊ အဲဂုတ္တုပြည်အတွက် ပြုရသော မြည်တမ်းခြင်းတည်း။ အမျိုးမျိုးသော သတို့သမီးတို့ သည်လည်း မြည်တမ်း၍၊ အဲဂုတ္တုပြည်နှင့် ပြည်သား အလုံးအရင်းရှိသမျှတို့အတွက် မြည်တမ်းကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Settings