ဒေသနာကျမ်း 2:12-17
12
တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။
13
သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။
14
ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
15
သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။
16
ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
17
ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
Settings