Skip to content
ဒံယေလအနာဂတ္တိကျမ်း 2:31-35

ဒံယေလအနာဂတ္တိကျမ်း 2:31-35

31
အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော် မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါ နှင့် ပြည်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။
32
သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ်၏။
33
ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့် ဖမိုး သည် သံတပိုင်းသရွတ်တပိုင်းဖြစ်၏။
34
ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊
35
သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့် ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options