Skip to content
တမန်တော်ဝတ္ထု 13:42-52

ယုဒလူတို့ငြင်းပယ်၍ တပါးအမျိုးသားတို့ထံ လှည့်ခြင်း

တမန်တော်ဝတ္ထု 13:42-52
42
လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။
43
အစည်းအဝေးပျက်၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများ တို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။
44
နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ၏။
45
ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ် နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။
46
ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ၏။
47
မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင်ကိုတပါး အမျိုးသားလင်းစရာဘို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။
48
ထိုစကားကို တပါးအမျိုးသားတို့သည်ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်းကြ၏။ ထာဝရ အသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြသဖြင့်၊
49
ထာဝရဘုရား၏ သာသနာတော်သည် တပြည် လုံး၌ နှံပြားလေ၏။
50
ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌အကြီးအကဲဖြစ်သော သူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ ၏။
51
တမန်တော်တို့သည် မိမိတို့ခြေဖဝါး၌ကပ်သော မြေမှုန့်ကို ထိုသူတို့အားခါလိုက်ပြီးမှ ၊ ဣကောနိမြို့သို့ သွားကြ၏။
52
တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့် ၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်းပြည့်စုံကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options