Skip to content
ဓမ္မရာဇဝင်ဒုတိယစောင် 11:17-27

ဓမ္မရာဇဝင်ဒုတိယစောင် 11:17-27

17
မြို့သားတို့သည် ထွက်၍ယွာဘနှင့် စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။
18
ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကို ဒါဝိဒ်အားကြား လျှောက်စေခြင်းငှါ လူကိုခေါ်၍၊
19
သင်သည်ရှင်ဘုရင်ထံတော်၌ စစ်သိတင်းကို အကုန်အစင်ကြား လျှောက်ပြီးလျှင်၊
20
ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။
21
ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား၍ စေလွှတ်လေ၏။
22
ယွာဘမှာထားသည်အတိုင်း ထိုတမန်သည် သွား၍ ဒါဝိဒ်အား ကြားလျှောက်သည်ကား၊
23
ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကို နိုင်သဖြင့်၊ လွင်ပြင်တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန်၍ တိုက်ကြပါ၏။
24
လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော် ကျွန်တို့ကို ပစ်၍ ကိုယ်တော်ကျွန်အချို့သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်း သေပါ၏ဟု လျှောက်လျှင်၊
25
ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။
26
ဥရိယသေကြောင်းကို သူ၏မယားကြားသောအခါ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက် နေ၏။
27
ငိုကြွေးမြည်တမ်းချိန် လွန်မှ၊ ဒါဝိဒ်သည် လူကို စေလွှတ၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့်၊ သူသည် မိဖုရားအဖြစ်သို့ ရောက်၍ သားယောက်ျားကို ဘွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options