Skip to content
နေဟမိမှတ်စာ 9:15-25

နေဟမိမှတ်စာ 9:15-25

15
သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေ ခြင်းငှါ၊ မိုဃ်းကောင်းကင်မုန့်နှင့် ကျောက်ထဲကထုတ်သော ရေကို ပေးတော်မူ၏။ သူတို့ပိုင်ဘို့ကျိန်ဆိုတော်မူသော ပြည်ထဲသို့ဝင်၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ၏။
16
သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာန ထောင်လွှား၍၊ ခိုင်မာသော လည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။
17
သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှု တို့ကို မအောက်မေ့။ အာဏာတော်ကို ငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကိုချီးမြှောက်ကြ၏။ သို့ရာ တွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူ သောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။
18
ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကို သွန်း ၍၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ အလွန်ပြစ်မှားသော်လည်း၊
19
ကိုယ်တော်သည် အထူးသဖြင့် သနားတတ် သော ဘုရားဖြစ်တော်မူ၍၊ တော၌သူတို့ကို စွန့်ပစ်တော် မမူ။ နေ့အချိန်၌ လမ်းပြသော မိုဃ်းတိမ်တိုင်မပျောက်၊ ညဉ့်အချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင် လည်း မကွယ်။
20
သူတို့အား သွန်သင်စရာဘို့ ကောင်းသော ဝိညာဉ်တော်ကို ပေးတော်မူ၏။ သူတို့စားရသော ကိုယ် တော်၏ မန္နကိုရုပ်သိမ်းတော်မမူ။ သူတို့ အငတ်ပြေစေ ခြင်းငှါ၊ ရေကိုလည်း ပေးတော်မူ၏။
21
အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်း မဆင်းရဲစေခြင်းငှါ ကျွေးမွေးတော်မူ၏။ သူတို့အဝတ် မဟောင်းမနွမ်းရ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ။
22
နောက်မှတပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများ ကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော် မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင် ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
23
သူတို့သားမြေးတို့ကို မိုဃ်းကောင်းကင်ကြယ် ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ဂတိထားတော်မူ၏။ ထိုပြည်ထဲသို့သွင်းတော်မူသဖြင့်၊
24
သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။
25
ထိုသို့သူတို့သည် ခိုင်ခံ့သောမြို့များ၊ မြေကောင်း သောပြည်၊ ဥစ္စာနှင့် ပြည့်သောအိမ်၊ တူးပြီးသောရေတွင်း၊ များပြားသော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အသီးသီး သော အပင်တို့ကိုသိမ်းယူ၍၊ ဝစွာစားသောက်လျက် အသားဆူဖြိုး၍ ကျေးဇူးတော်ကြွယ်ဝခြင်း၌ မွေ့လျော် ကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options