ဝတ်ပြုရာကျမ်း 7:1-18
1
ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။
2
မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကို သတ်၍ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
3
အမြီးနှင့်တကွ အအူကို ဖုံးသောဆီဥ၊
4
ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ ဆက်လျှင်၊-
5
ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း။
6
အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။
7
အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏ တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။
8
လူတစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည်။
9
မီးဖို၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ်သည် ယူရမည်။
10
ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန်၏ သားအပေါင်း တို့သည် အညီအမျှ ယူရကြရမည်။
11
ထာဝရဘုရားအား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်းတရားဟူမူကား၊
12
ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင်၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့ မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
13
ထိုမုန့်ပြားမှ တပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသော မုန့်ကိုလည်း ပူဇော်ရမည်။
14
ပူဇော်သက္ကာရှိမျှအထဲက မုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ် ပုရောဟိတ်ယူရမည်။
15
ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သော မိဿဟာယယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင် စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။
16
သို့မဟုတ် သစ္စာပြု၍ ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သော နေ့ခြင်းတွင်၊ ယဇ်အသားကို စား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။
17
ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့၌ မီးရှို့ရမည်။
18
မိဿဟာယယဇ် အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌ စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သော သူသည် အကျိုးကိုမရ။ ရွံရှာဘွယ် ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည်။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings