ဝတ်ပြုရာကျမ်း 21:16-23
16
တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊-
17
သင်၏ အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။
18
မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊-
19
လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊
20
ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သော သူသည် မချဉ်းမကပ်ရ။-
21
ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင်၊ ကိုယ်၌ အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ ကိုယ်၌ အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏ မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ -
22
သန့်ရှင်းသော မုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသော မုန့်ဖြစ်စေ၊ မိမိဘုရားသခင်၏ မုန့်တော်ကို စားရမည်။
23
ကိုယ်၌ အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာ ဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလားကာ အတွင်းသို့ မဝင်ရ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။
Settings