Skip to content
ဝတ်ပြုရာကျမ်း 16:15-30

ဝတ်ပြုရာကျမ်း 16:15-30

15
ထိုနောက် လူများနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ဆိတ်ကိုသတ်၍၊ အသွေးကို ကုလားကာအတွင်း သို့ ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖြန်းသကဲ့သို့၊ သေတ္တာဖုံးအပေါ်၌၎င်း၊ ရှေ့၌၎င်း ဖြန်းရမည်။
16
ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သော အပြစ်ကြောင့်၎င်း၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ ကြောင့်၎င်း၊ သန့်ရှင်းရာ ဌာနတော်အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။ ထိုသို့ ဣသရေလအမျိုးသား တို့၏ မစင်ကြယ်သော အပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာ တဲတော်အဘို့ ပြုရမည်။
17
သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဝင်သောအခါ၊ မိမိအဘို့၊ မိမိအိမ်သူအိမ် သားများအဘို့၊ ဣသရေလပရိသတ်အပေါင်းတို့အဘို့၊ အပြစ်ဖြေခြင်းကိုပြု၍ မထွက်မှီတိုင်အောင်၊ ပရိသတ်စည်းဝေးရာ တဲတော်ထဲမှာ အဘယ်သူမျှ မနေရ။
18
နောက်တဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ ထွက်လာ၍ ထိုပလ္လင်အဘို့ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ နွားအသွေး၊ ဆိတ်အသွေးကိုယူ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ ထည့်ရမည်။
19
ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကို လက်ညှိုးနှင့် ခုနှစ်ကြိမ်တိုင်အောင် ဖြန်း၍ ဣသရေလ အမျိုးသားတို့၏ မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည်။
20
ထိုသို့ သန့်ရှင်းရာ ဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာ တဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ အပြစ်ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။
21
အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလအမျိုး သားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သော လူတွင် တောသို့ စေလွှတ်ရမည်။
22
သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်။
23
တဖန် အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင် ဝင်သောအခါ၊ ဝတ်သော ပိတ်ချော အဝတ်ကို ချွတ်၍ ထိုအရပ်၌ ထားရမည်။
24
သန့်ရှင်းရာ ဌာန၌ ကိုယ်ကို ရေချိုး၍၊ မိမိအဝတ်ကို ဝတ်ပြီးမှ တဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများမီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ မိမိအဘို့နှင့် လူများအဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
25
အပြစ်ဖြေရာ ယဇ်ကောင်ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
26
လွတ်လပ်လဟာသို့ ဆိတ်ကို လွှတ်လိုက်သောသူသည်လည်း မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုး ရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။
27
သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဆောင်သွင်းသော အသွေးနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို၎င်း၊ အပြစ်ဖြေရာယဇ် ဆိတ်ကို၎င်း၊ တပ်ပြင်သို့ ယူသွား၍ အရေ၊ အသား၊ ချေးနုကို မီးရှို့ရမည်။
28
မီးရှို့သောသူသည်လည်း မိမိအဝတ်ကို လျော်၍ ကိုယ်ကို ရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။
29
သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ သတ္တမလ ဆယ်ရက်နေ့၌ အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။
30
အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထိုနေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှါ၊ အပြစ်ဖြေခြင်းကို ပြုရမည်။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options