တရားသူကြီးမှတ်စာ 11:13-22
13
အမ္မုန်ရှင်ဘုရင်က၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ၊ ငါ့မြေကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် လု၍ယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခုအသင့်အတင့် ပြန်ပေးပါဟု ယေဖသ၏သံတမန်အား ပြန်ပြော၏။
14
တဖန် ယေဖသသည် သံတမန်ကို အမ္မုန်ရှင်ဘုရင်ထံသို့ စေလွှတ်၍၊
15
ယေဖသ မှာလိုက်သည်ကား၊ ဣသရေလအမျိုးသည် မောဘမြေ၊ အမ္မုန်မြေကို လုယူသည်မဟုတ်။
16
ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာ၍ ဧဒုံပင်လယ်အနား၊ တော၌ လှည့်လည်သဖြင့် ကာဒေရှ ရွာသို့ ရောက်သောအခါ၊
17
ဧဒုံရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်းသော် လည်း၊ ဧဒုံရှင်ဘုရင်သည် နားမထောင်။ ထိုနည်းတူ မောဘရှင်ဘုရင်ထံသို့ စေလွှတ်၍၊ သူသည်လည်း အခွင့်မပေးသောကြောင့်၊ ဣသရေလအမျိုးသည် ကာဒေရှရွာ၌ နေရကြ၏။
18
နောက်တဖန် တောကို ရှောက်လျက်၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း၍ မောဘပြည် အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တဘက်၌ တပ်ချကြ၏။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြားဖြစ်သတည်း။
19
တဖန် ဣသရေလအမျိုးသည် အာမောရိအမျိုး ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့နေရာသို့ ရောက်အံ့သောငှါ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်း သော်လည်း၊
20
ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ၊ မိမိပြည်ကို ရှောက်သွားစေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ယာဟတ်မြို့၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ၏။
21
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတရှောက်လုံးကို သိမ်းယူကြ၏။
22
အာမောရိပြည် နယ်မြေတရှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်၎င်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်၎င်း သိမ်းယူကြ၏။
Settings