Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 6:14-25

ရာဇဝင်ချုပ်ဒုတိယစောင် 6:14-25

14
အိုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကောင်းကင်ပေါ်မြေကြီးပေါ်မှာကိုယ်တော်နှင့် တူသောဘုရားတဆူမျှ မရှိပါ။ ရှေ့တော်၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့်သောကိုယ်တော်၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက် တော်မူပြီ။
15
အကျွန်ုပ်အဘဒါဝိဒ်၌ ထားတော်မူသော ဂတိ တော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ။
16
အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်က၊ သင်သည်ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင်၏သားမြေးတို့သည်ငါ့တရားကို ကျင့်လိုသောငှါ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင် ၏အမျိုး မင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ် အဘဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို ယခု စောင့်တော်မူပါ။
17
အိုဣသရေလအမျိုး၏ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်ကျွန်အကျွန်ုပ်အဘ ဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော် မူပါ။
18
သို့ရာတွင်ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန် အမှန်ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏အထွဋ်၊ အမြင့် ဆုံးသော ကောင်းကင်သည်ကိုယ်တော်ကို မဆံ့မခံနိုင် သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ်ရာ ရှိပါသနည်း။
19
သို့သော်လည်း အိုအကျွန်ုပ်ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေး ကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။
20
ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ။
21
ကိုယ်တော်ကျွန်မှစ၍ကိုယ်တော်၏ လူဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာကောင်းကင် ဘုံ၌နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
22
လူသည်မိမိအိမ်နီးချင်းကို ပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟုအိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊
23
ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသော သူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့် အလျောက်အကျိုးကိုခံရ၍ အပြစ်မှ လွတ်စေခြင်း ငှါ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
24
ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ပြန်လာ၍ နာမတော်ကို ဝန်ခံလျက်၊ ဤအိမ်တော်ကိုမှီခိုလျက်၊ ဆုတောင်းပဌနာ ပြုလျှင်၊
25
ကောင်းကင်ဘုံ၌နားထောင်၍၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options