Skip to content
ရာဇဝင်ချုပ်ပဌမစောင် 28:1-10

ရာဇဝင်ချုပ်ပဌမစောင် 28:1-10

1
တဖန်ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်း ဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့် လှည့်အမှုတော်ကို စောင့်သော တပ်မှူးဗိုလ်မင်း၊ လူ တထောင်အုပ်၊ တရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သား တော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော် မူ၏။
2
ထိုအခါဒါဝိဒ်မင်းကြီးသည်ရပ်၍၊ ငါ့ညီအစ်ကို၊ ငါ့လူတို့ နားထောင်ကြလော့။ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ငြိမ်ဝပ်ရာ အိမ်တည်းဟူသော ဘုရားသခင် ၏ ခြေတော်တင်ရာခုံကို တည်လုပ်မည်ဟု ငါအကြံရှိ၍ တည်လုပ်ခြင်းငှါ ပြင်ဆင်နှင့်ပြီ။
3
သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက် သောသူ၊ လူအသက်ကို သတ်သောသူဖြစ်၍၊ ငါ့နာမ အဘို့အိမ်တော်ကို မတည်မဆောက်ရဟု မိန့်တော်မူ၏။
4
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် ငါ့အဆွေအမျိုးများထဲက ငါ့ကိုရွေးကောက်၍ ဣသရေလရှင်ဘုရင်အရာ၌ အမြဲချီးမြှောက်တော်မူ၏။ ယုဒအမျိုးကို ရွေးကောက်၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူ၏။ ယုဒအမျိုးတွင် ငါ့အဘ၏ အိမ်ထောင်ကို၎င်း၊ ငါ့အဘ၏သားတို့တွင် ငါ့ကို၎င်း၊ နှစ်သက်၍ဣသရေ လနိုင်ငံလုံးကို စိုးစံရသော အခွင့်ကို ပေးတော်မူ၏။
5
ထာဝရဘုရားသည် ငါ့အားများစွာသော သား တို့ကို ပေးတော်မူသည်ဖြစ်၍၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက်၍ ဣသရေလအမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား၏ နိုင်ငံတော်ရာဇပလ္လင် ပေါ်မှာထိုင်စေခြင်းငှါ ခန့်ထားတော်မူပြီ။
6
ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ် နှင့်ငါ့တန်တိုင်းတို့ကို တည်ရမည်။ ငါသည်ထိုသူကို သား အရာ၌ခန့်ထားခြင်းငှါ ရွေးကောက်ပြီ။ ငါသည် သူ၏ အဘဖြစ်မည်။
7
သူသည် ငါစီရင်ချက်ပညတ် တရားတို့ကို ယနေ့ ကဲ့သို့ အမြဲကျင့်လျှင် သူ၏နိုင်ငံကို ငါတည်စေမည်ဟု မိန့်တော်မူ၏။
8
သို့ဖြစ်၍ သင်တို့သည် ဤကောင်းသော ပြည်ကို ပိုင်၍ သင်တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချဉ်ထားလိုသောငှါ၊ ထာဝရဘုရား၏ပရိသတ်တည်း ဟူသော ဣသရေလအမျိုးသားအပေါင်းတို့ရှေ့၌၎င်း၊ ငါတို့ဘုရားသခင့်အထံတော်၌၎င်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုရှာ၍ စောင့် ရှောက်ကြလော့။
9
ငါ့သားရှောလမုန်၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘော နှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကို စစ်၍အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ရှာလျှင်အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည်။
10
သတိပြုလော့။ သန့်ရှင်းရာဌာနအဘို့ အိမ် တော်ကို တည်ဆောက်စေခြင်းငှါ သင့်ကို ထာဝရဘုရား ရွေးကောက်တော်မူသောကြောင့်၊ အားယူ၍ တည် ဆောက်လော့ဟုမှာထားတော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options