တောလည်ရာကျမ်း 8:6-14
6
လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ အထဲက ရွေးကောက်၍ စင်ကြယ်စေလော့။
7
စင်ကြယ်စေခြင်းငှါ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်း မင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း၍၊ သူတို့ သည် တကိုယ်လုံးကို အမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်း ကို ပြုသဖြင့် စင်ကြယ်စေရမည်။
8
ဆီရောသော မုန့်ညက်တည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ကို ယူပြီးလျှင်၊
9
လေဝိသားတို့ကို ပရိသတ်စည်းဝေးရာ တဲတော် ရှေ့သို့ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်း တို့ကို စည်းဝေးစေပြီးမှ၊
10
လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသား တို့သည် လက်ကိုတင်သဖြင့်၊
11
သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို ထမ်း စေခြင်းငှါ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော် သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအား ဆက်ရမည်။
12
လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိ တို့လက်ကို တင်၍၊ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလို သောငှါ၊ ထာဝရဘုရားရှေ့မှာ နွားတကောင်ကို အပြစ် ဖြေရာယဇ်၊ တကောင်ကို မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ရကြ မည်။
13
လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏ သားတို့ရှေ့မှာ ထား၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည်။
14
ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် တခြားစီခွဲထား၍၊ သူတို့သည် အထူးသဖြင့် ငါ့လူဖြစ်ရ ကြလိမ့်မည်။
Settings