အကြောင်းအရာသို့ ကျော်သွားရန်
ဓမ္မရာဇဝင်စတုတ္ထစောင် 20:1-11

ဟေဇကိ၏ အနာရောဂါနှင့် ဆုတောင်းခြင်း

ဓမ္မရာဇဝင်စတုတ္ထစောင် 20:1-11
1
ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။
2
ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာ လှည့်၍၊
3
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့ တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေး လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
4
ဟေရှာယသည် နန်းတော်အလယ်တန်တိုင်းသို့ မရောက်မှီ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
5
သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံ သို့ တဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပဌနာ စကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည်သုံးရက် လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည်။
6
သင့်အသက်၌ တဆယ်ငါးနှစ်ကို ငါဆက်၍ ပေးမည်။ သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကို၎င်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို၎င်းထောက်၍ ဤမြို့ကို ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏။
7
ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီးအလုံး အထွေးကို ယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့၍အနာကို အုံပြီးမှ မင်းကြီးသက်သာလေ၏။
8
ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကို ပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာ သက်သေရှိသနည်းဟု မေးလျှင်၊
9
ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည် အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊ အရိပ် သည် ဆယ်ချက်တိုးရမည်လော။ ဆယ်ချက်ဆုတ်ရမည် လောဟု မေးသော်၊
10
ဟေဇကိက၊ အရိပ်သည် ဆယ်ချက်တိုးလွယ်၏။ ထိုသို့အလိုမရှိ။ ဆယ်ချက်ဆုတ်ပါစေဟု ပြန်ပြော၏။
11
ပရောဖက်ဟေရှာယသည်လည်း၊ ထာဝရ ဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏နေတိုင်း နာရီပေါ်မှာဆယ်ချက်ရွေ့ပြီးသော အရိပ်ကို ဆယ်ချက် ပြန်စေတော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options